Wednesday, September 16, 2009

အမှတ်တရနေ့လေး

ချို့တဲ့သော အပြုံးနဲ့ ငယ်သူချင်းလေး
အိမ်လာလည်ဖို့ အမြဲခေါ်တယ်....
"ထမင်းစားသွားပါလား သူငယ်ချင်း"..တဲ့
အဲဒီကောင် ပျော်နေတယ်...
ထိုနေ့က ထမင်းအရမ်းစားကောင်းတယ်......။ ။

၁၇. ၀၉ . ၀၉

Monday, September 14, 2009

အဘိုးပြောတဲ့ ငွေစုစာအုပ်လေး

တခါက အဘိုးရဲ့ ပြောစကားမှာ
အိမ်တစ်လုံးဟာ သက်ရှိပုံစံနဲ့ တည်ရှိတယ်တဲ့...။

ဦးနှောက်ပိုင်းဆိုင်ရာက အိမ်ထောင်ဦးစီး..
ခြေတွေ လက်တွေ နေရာက အသိုင်းအ၀ိုင်း...
စီးပွားရေးကတော့ နှလုံးသားတစ်ခုလိုတဲ့......။
(ကျွန်တော်တို့ အိမ်လေးကတော့ မွေးရာပါနှလုံးရောဂါ ရှိပုံပါပဲ...)

မင်းအမေက တဗျစ်ဗျစ် တတောက်တောက်မို့
ငါတို့အိမ်လေးမှာတော့ သူမက အိမ်ရဲ့ပါးစပ်ပေါက်လေးတဲ့..။
(ရယ်သံလေးနှောတဲ့ အဘိုးရဲ့ အပြောလေးပေါ့..)

မောင်သာယာ... မင်းတို့လေးတွေက
ကျွေးမွေးပြုစုဆဲ မျှော်လင့်ချက်တွေ စုပြုံထားရတာမို့..
(အပြုံးလေး တစ်ချို့နဲ့ သူ့အပြောက..)
တို့အိမ်ရဲ့.. ငွေစုစာအုပ်လေးတွေ... တဲ့...။

သြော်..... အဲဒီထဲက
ကျွန်တော်ဟာ.. အိမ်မက်ဘဏ်ကြီးထဲမှာ
အဘိုးရဲ့ ငွေစုစာအုပ်လေး ဖြစ်နေခဲ့ရပေါ့....။ ။

အရာရာဟာ အရင်လို မဟုတ်တော့

တစ်ချိန်က အမေ့ရဲ့လက်ရာ ထမင်းဟင်းများနှင့်
ခုတလောစားနေသော အစားအသောက်များ...

ငယ်စဉ်က ထွက်ခဲ့သော ချွေးစက်များနှင့်
ယနေ့ထွက်သော ချွေးစက်များ.....

တခါက နားမလည်ပဲ ကြည့်ခဲ့ရသော ဇာတ်ကားများတွင်
ယနေ့ ဘာသာပြန် စာကြောင်းများ ထိုးပြလာခြင်းများ
(ဘ၀လဲ တူတူပေါ့)

လက္ဘက်ရည်ထက် ကော်ဖီကို ပို၍ ခုန်မင်လာခြင်း....

ပတ်ဝန်းကျင်မှ အရွယ်တူ မိန်ခလေးများ ထက်
ငယ်ရွယ်သူလေးများအား ပို၍သဘော ကျလာခြင်းနှင့်...

ထို့နောက်...
ကျွန်တော်ထက်အနည်းငယ်ကြီးသော.. "မိလွင်" အား ချစ်မိခြင်း များ.....။ ။

Monday, September 7, 2009

"စိတ်"နှင့် စကားပြောခဲ့သည်

ကိုဇီးကုန်း….
ကျူပ် နေအေးအေးထဲ လမ်းလျှောက်နေတယ်
သို့ပေမယ့် ပူတယ်… ရင်ဘက်ထဲပူတယ်…
တစ်ချက်တစ်ချက် ရူးမတတ်ပဲ
ရည်ရွယ်ရာလဲ မဲ့နေတယ်….။

မောင်သာယာ…
ဘ၀ရဲ့ ဖြစ်တည်မှူမှာ တိုးတတ်ရာ လိုက်မိတော့
ရှင်သန်ခြင်းမှာ တာဝန်ပုံစံနဲ့
အထီးကျန်ဆန်တတ်တယ်…..။

တခါတခါ ဆွဲနုတ်မရတဲ့
ဆန္ဒတစ်ခု မင်းရင်ထဲစူးလိမ့်မယ်....
အစဖော်တတ် ဆွဲနုတ်တတ်ရမယ်… ကွဲ့..။

ကိုဇီးကုန်း…
ဆန္ဒဆိုတာ ကျူပ်နဲ့မသက်ဆိုင်တော့တဲ့
စကားလုံးတစ်စု ပါဗျာ…။

ဒီမယ်… မောင်သာယာ…
လူဟာကြံရင်းသေတယ်၊ ငှက်ဟာပျံရင်းသေတယ်..
ဗူးကောင်းမှ စင်ခိုင်မယ်..
ဆန္ဒကောင်းမှ အောင်မြင်နိုင်တယ်..
ရင်ဝယ်ထွေးပိုက် မင်းမွေးမြူတတ်ရမယ်…ကွဲ့…။

ဒီသို့ဆိုရင်.. ကိုဇီးကုန်းရာ
ကျူပ်ရင်တင်းကျပ် ဖြေခက်တဲ့အခါ
ပြေရာပြေကြောင်း ဖြေးရှင်းတတ်အောင်
ဆုံးမစကားပြောခဲ့ဗျာ…။

ခက်ရန်ကော… မောင်သာယာ..
မင်းမျက်နှာ သနားကမားနဲ့ပါလား..
ငါပြောတာ မရှင်းသေးဘူးဆိုရင်..
မျက်နှာမှာ အရေးအကြောင်းတွေနဲ့..
မင်း အဘိုး မျက်နှာသာ ပြန်မြင်ယောင် ကြည့်ပေတော့..ကွာ။ ။

အချစ်နှင့်ကျွန်တော်

ကျွန်တော်ဟာ
ကုတင်ပေါ် မျောက်ထိုင်ထိုင်တယ်…
ညှိထားတဲ့ ဆေးပေါ့လိပ်ရဲ့ မီးရောင်ကြား
ရိုက်ထုတ်လိုက်တဲ့မီးခိုးတွေနဲ့ အတူ လွင့်မြောတယ်…။

ဆေးလိပ်မီးရဲ့ အရောင်နဲ့
မှန်ထဲကိုကြည့်တယ်…. ကိုယ်ရုပ်ကိုရှာဖွေတော့
တဖြစ်ဖြစ်နဲ့ ဆေးပေါ့လိပ်ကရယ်တယ်…။

ရူ့မဲ့မဲ့မျက်နှာ မသထီစရာပဲ

မှန်ကိုအာငွေ့မှူတ်လို့ ခပ်ပြုံးပြုံးမျက်နှာ

လက်နဲ့ရေးခြစ် ဖန်ဆင်းပစ်တယ်…။


အကြောင်းတရား ရှာဖွေရင်
နှခေါင်းဖျားတွင် အသက်ရူလိုက်တိုင်း
မျက်စိထဲမှာ မင်္ဂလာဆောင်ဖိတ်စာတွေ ပဲမြင်တယ်…

ဒီလိုနဲ့ ညတွေ လွန်မြောက်လို့
အိပ်ရေးမ၀တဲ့ မျက်လုံးတွေနဲ့ မနက်တိုင်း
ကျွန်တော့်ရဲ့တစ်ညတာ မှတ်ချက်ကိုချရေးတယ်…

အချစ်ရှာဖွေခြင်းခေါင်းစဉ်အောက်က
နည်းလမ်းတွေ့ရှိခြင်းမရှိသေး…… ရှာဖွေနေစဲ.. တဲ့..။ ။