Thursday, August 6, 2009

ငယ်သူငယ်ချင်းများသို့

ပြန်တွေးကြည့်ဖူးလား

အတိတ်က တို့တွေဝတ်ခဲ့တဲ့

ကျောင်းစိမ်းပုဆိုးဟာ

အလှည့်ကြလို့ ၀တ်ခဲ့တော့

အရောင်လဲလွင့်တယ်

ဖာရာတစ်ချို့ လဲရှိခဲ့တယ်…..။


မှတ်မိသေးရဲ့လား

ငါတို့တွေ ဂုဏ်ယူစွာ

လယ်တဲထဲမှာ ပြောဖူးတဲ့စကားတွေ

တို့ဝတ်တဲ့ ပုဆိုးရဲ့

ပိုင်ရှင်ဟောင်းတွက

တစ်ချို့တွေ ဘယ်လိုထူးချွန်ပြီး

တစ်ချို့တွေ ဘာဖြစ်ခဲ့တယ်ဆိုတာ…..။


မေးကြည့်ဖူးရဲ့လား

ငါတို့ပုဆိုးရဲ့ ရာဇ၀င်ဟာ

ဘယ်နှစ်ပုဒ်မြောက် ရေးခဲ့ပြီးပြီလဲ

ဘယ်ချောင်ထဲ ရောက်နေလဲ

ဒါမှမဟုတ်…

အ၀တ်စုတ်အနေနဲ့

ဘယ်နေရာမှာ သုံးနေကြတယ်ဆိုတာကို…။


သူငယ်ချင်းတို့ရေ

တို့တွေ ရူးဖိနပ်ခပ်ပြောင်ပြောင်

ပုဆိုးခပ်ကြမ်းကြမ်း

ပိုးပုဆိုးအကောင်းစားတွေနဲ့

စသဖြင့်ကွဲနေကြမယ်…

ဘာပဲဖြစ်ဖြစ်...

တို့ဝတ်ခဲ့တဲ့ ပုဆိုးစိမ်းစိမ်းမှာ

ဂုဏ်ယူစရာတွေရှိခဲ့တယ်………။


မှာလိုက်ချင်ပါတယ်

တို့တွေတစ်ချို့ထဲက ရင်သွေးငယ်တွေ

ပုဆိုးစိမ်းစိမ်း ၀တ်ကြမယ်ဆိုရင်…......။


"အသစ်တွေဆိုပေမယ့်…

အဟောင်းတွေရဲ့ ရာဇ၀င်မှာ

ဘာတွေ ပြောင်းဝတ်ခဲ့ကြတယ်" ဆိုတာ

ပုဆိုးခပ်ကြမ်းကြမ်းနဲ့ ဖြစ်နေရင်တောင်

တို့တတွေ ၀မ်းနည်းမနေပဲ

မျိုးဆက်တွေကို ပြောပြရလိမ့်မယ်….။


(၁၉၉၉-၂၀၀၂ မှ ရင်းနှီးခဲ့သော ငယ်သူငယ်ချင်းများ အမှတ်တရ)

0 Comments: